ရှင်သန်ခြင်း၊ ရယ်မောခြင်း၊ ချစ်ခြင်းမေတ္တာ

生きる ( Ikiru) , 笑う (Warau) , 愛 ( Ai)

Ikiru, Warau, Ai ဆိုတဲ့ စကားလုံးလေးသုံးလုံးက ရိုးစင်းပြီး အဓိပ္ပာယ်လေးနက်မူတွေနှင့် ပြည့်နှက်လွန်းလှပါသည်။

ကျွန်တော်တို့ရှင်သန်နေသော ဟောဒီကမ္ဘာမြေကို နေ့စဉ်လူသားဖြစ်တည်မူတစ်ခုရဲ့အစအဖြစ် ဝင်ရောက်လာသူတွေ တဖွဲဖွဲ ရှိနေသလို ကြီးငယ်မရွေး ပြန်လည်ထွက်ခွာသွားကြသူတွေလည်း မစဲပါ။

လူသားဖြစ်တည်မူအစပြုဖို့ မိခင်ဝမ်းထဲမှာ ပဋိသန္ဓေတည်ချိန် ခက်ခက်ခဲခဲ ကြပ်တည်းစွာ နေထိုင်ခဲ့ပြီးမှ ကမ္ဘာမြေကိုထိတွေ့ခွင့်ရခဲ့ကြသည်။ လူသားတစ်ဦးရယ်လို့ ပီပီပြင်ပြင် မွေးဖွားချိန်မှာ ” အူဝဲ” လို့ ငိုကြွေးသံဖြင့် စတင်နှုတ်ဆက်ခွင့်ရခဲ့ကြပါသည်။

ရှင်သန်ခွင့် ဆိုသည့် အောက်မှာ ကောင်းမွန်စွာရှင်သန်ခွင့်ရဖို့ သင်ယူလေ့လာစရာများကို သင်ယူရင်း ဘဝဆိုတာကြီးကို ပင်ပမ်းဆင်းရဲစွာ ရုန်းကန်ရှင်သန်ခဲ့ကြရသည်။ နောက်ဆုံး ဟောဒီကမ္ဘာမြေက ထွက်ခွာနှုတ်ဆက်ချိန်အထိပင်ဖြစ်ပါသည်။

“လူ” ဖြစ်တည်မူဆိုသည်မှာ စိန်ခေါ်မူနှင့် အခက်အခဲပေါင်းစုံကို ရင်ဆိုင်တိုက်ခိုက်ရင်း အနိုင်ရရှိအောင် တိုက်ယူပြီး အောင်မြင်မူတစ်ဆင့်ကိုတက်ရသည့် ကစားပွဲတစ်ခုပင် ဖြစ်ပါသည်။

ထိုကစားပွဲသည် ဘယ်တော့မှပြီးဆုံးမှာမဟုတ်သည့် အဆုံးသတ်မရှိသည့် ကစားပွဲတစ်ခုပင်ဖြစ်တော့သည်။ ထို့ကြောင့် ရှင်သန်ခြင်းအတွက် စိန်ခေါ်မူနှင့် အခက်အခဲများစွာကို ရင်ဆိုင်တိုက်ခိုက်ရင်း ရပ်တည်နိုင်အောင် အရှုံးမပေးပဲ လှဲပြိုကျသော်လည်း ပြန်ထပြီး မနိုင်မချင်း ကစားနေရမှာဖြစ်သည့်အတွက်ကြောင့် အရှုံးပေးလို့မရနိုင်ပါဘူး။

ဘဝက သောကအပူများစွာနှင့် ပူလောင်လွန်းလှပါသည်။ကစားကွင်းထဲ အနိုင်ရဖို့ အကြိတ်အနယ်ရှင်သန်နေရသူတွေအတွက် အပျော်ဆိုသည်မှာ အချိန်ခဏလေးပဲရရှိလိုက်ကြ ခြင်းဖြစ်ပါသည်။ အဲဒီလိုလူတွေအတွက် အပြုံးနဲ့ ရယ်မောခြင်းဆိုသည်မှာလည်း ရှားပါးလွန်းလှပါသည်။

တစ်နေ့ကို ကျွန်တော်တို့ ဘယ်နှစ်ခါများ ရယ်မောမိပါသလဲ။ ရယ်မောဖို့ မေ့နေသူတွေ များစွာ ဟောဒီကမ္ဘာပေါ်မှာများစွာ ရှိနေသည်မို့ မမေ့မလျော့ ရယ်မောကြဖို့လိုအပ်လှပါသည်။ ရယ်မောခြင်းသည် စိတ်ဖိစီးမူကို ပြေပျောက်စေပြီး ကောင်းမွန်စွာရှင်သန်ဖို့အတွက် အကောင်းဆုံး ဆေးပင်ဖြစ်ပါသည်။

ထို့ကြောင့် ကျွန်တော်တို့ ရယ်မောခြင်းကို မမေ့မလျော့ ပြုလုပ်ကြဖို့လိုအပ်ပါသည်။

ရှင်သန်လှုပ်ရှားနေရသည့် ဘဝအပူတောထဲ အတ္တနဲ့ လူဖြစ်တည်မူကို ရရှိနေခဲ့ကြသူမို့ တစ်ပါးသူကြိုးစားမူ၊ အောင်မြင်မူတွေမှာ တစ်ခါတရံ၊ တစ်ချို့က အမြဲတစေ မနာလိုဝန်တိုမူတွေဖြစ်တည်ကြသလို ချစ်ခြင်းတရားနဲ့ပတ်သက်လာရင်လည်း အလိုလောဘရမက် မတင်းတိမ်နိုင်မူတွေကြောင့် ချစ်ခြင်းတရားမှာပါ ပိုင်ဆိုင်လိုစိတ်တွေ ပြင်းပြလာကြသည်။

တစ်ကယ်တော့ လောကမှာ အရာဝတ္ထုတစ်ခုခုကို ပိုင်ဆိုင်လိုစိတ်ပြင်းပြခြင်းသည် မိမိအတ္တကြောင့် ကိုယ့်ကိုယ်ကို ချစ်လွန်းလို့ တစ်ခြားအရာတွေကို ချစ်ခင်စုံမက် ပိုင်ဆိုင်ချင်လာတာပဲဖြစ်ပါသည်။

ချစ်ခြင်းမေတ္တာတရားဆိုသည်မှာ အတ္တကင်းသော ချစ်ခြင်းကသာလျင် ပူလောင်မူကို ကင်းငြိမ်းစေပြီး အေးချမ်း ပြည့်စုံမူကို ပေးစွမ်းနိုင်မည်ဖြစ်ပါသည်။

မိမိကိုယ်ကို အရင်ဦးဆုံးချစ်ပါ။ ပြီးနောက် ကိုယ့်ပတ်ဝန်းကျင် မှာရှိသမျှအရာအားလုံးကို အတ္တမပါသော ချစ်ခြင်းဖြင့် ချစ်နိုင်အောင် ကြိုးစားလေ့ကျင့်ဖို့လိုအပ်လှပါသည်။ ထိုချစ်ခြင်းတွင် ပိုင်ဆိုင်လိုစိတ် နည်းလေ အပူမီးလျော့လေပဲဖြစ်ပါသည်။

ကျွန်တော်တို့အားလုံး ဟောဒီကမ္ဘာမြေပေါ်တွင် လူသားအဖြစ် ရှင်သန်နေထိုင်နေကြပါသည်။ လူသားဖြစ်တည်မူ လူပီသစွာဖြင့် ကောင်းမွန်စွာ ရှင်သန်ရပ်တည်နေနိုင်ရေးအတွက် နေ့စဉ် ရယ်မောဖို့ အမှန်တစ်ကယ်ပင် လိုအပ်လှပါသည်။

မိမိကိုယ်ကိုချစ်သလို တစ်ခြားသောမိမိမဟုတ်သောအရာများကိုလည်း ကိုယ်နှင့်ထပ်တူချစ်ခြင်းမေတ္တာတရားကို မျှဝေနိုင်အောင်ကြိုးစားပါ။ ဒါဆိုလျင် ကျွန်တော်တို့ ဖြတ်သန်းရှင်သန်နေရသော ဘဝကစားပွဲထဲမှာ ပျော်ရွှင်စွာ ရပ်တည်နိုင်ပြီဖြစ်ပါသည်။

ကောင်းမွန်စွာရှင်သန်နေထိုင်နိုင်ဖို့ ရယ်မောပါ။ ချစ်ခြင်းမေတ္တာဖြင့် ကမ္ဘာမြေကို အလှဆင်ခြင်းဖြင့် လူသားဖြစ်တည်မူအတွက် ကျေနပ်ဂုဏ်ယူရင်း ဘဝကစားပွဲကို လှလှပပကစားရင်း ရှင်သန်ကြပါစို့။

ကောင်းမွန်စွာ ရှင်သန်ပါ

နေ့စဉ် ရယ်မောပါ

ချစ်ခြင်းမေတ္တာရှိပါစေ။

ကမာနီလာ