ဂျပန်လူမျိုးတို့၏ Valentine’s Day ( バレンタインデー ) 

St. Valentine’s Day ဟု ခေါ်ဆိုကြသော Valentine’s Day သည်  နှစ်တစ်နှစ်၏ ဖေဖော် ဝါရီလ ၁၄ ရက်နေ့တွင် ကျင်းပကြပြီး ကမ္ဘာ့နေရာဒေသအတော်များများ တွင် ချစ်သူစုံတွဲများမှ မိမိ တို့၏ ချစ်ခြင်းကိုဖော်ပြရာနေ့တစ်နေ့အဖြစ် ယေဘူယျအားဖြင့် အဓိပ္ပာယ်ဖွ င့်ဆိုကြသော နေ့ဖြစ်ပါသည်။ သို့သော် Valentine’s Day ၏ နဂိုမူလအစမှာ ၂၆၉ ခုနှစ်တွင် ရောမအင်ပါယာ၏ ဖိနှိပ်မှုအောက်တွင် မိမိယုံကြည်ကိုးကွယ်ရာဘာသာတရားအတွက် အသက်ပေးသွားခဲ့သော ဘုန်းတော်ကြီး St. Valentinu’s ကို အခြေခံ၍ကျင်းပသော အမှတ်တရနေ့ဖြစ်ပြီး အဓိကအား ဖြင့် အနောက်တိုင်း ခရစ်ယာန်အသင်းများတွင် တစထက်တစ်စကျယ်ကျယ်ပြန့်ပြန့်ကျင်းပလာခဲ့ရာမှ စတင်ခဲ့ခြင်းဖြစ်ပါသည်။

 ဂျပန်နိုင်ငံသို့ Valentine’s Day ရောက်ရှိခေတ်စားလာခဲ့သည်မှာ လွန်ခဲ့သည့်နှစ်ပေါင်း (၄၀) ခန့်လောက်ကဟု ဆိုကြပါသည်။

ဂျပန်နိုင်ငံတွင် ကျင်းပသော Valentine’s Day မှာ အခြားနိုင်ငံများနှင့်မတူ ကွဲပြားခြား နားပါသည်။ 

မိန်းကလေးများမှ ယောက်ျားလေးများကို ချောကလက် အသုံး၀င်မည့် ပစ္စည်း စသည်တို့ကိုလက်ဆောင်ပေးခြင်း  ဖြစ်သည်။ အဆိုပါနေ့တွင် မိမိချစ်သူကိုလက်ဆောင်ပေးသလို ခင်မင်ရသည့်သူ၊ သူငယ်ချင်း၊ လုပ်ဖော်ကိုင်ဖက်နှင့် အထက်အရာရှိများကိုလည်း ပေးတတ်ကြပါသည်။

မတ်လ ၁၄ ရက်နေ့မှာတော့ ယောင်္ကျားလေးများက မိန်းကလေးများကို တဖန် ပြန်ပြီး ချော့ကလက်၊ ပန်းစည်းနှင့် အသုံးအဆောင်ပစ္စည်းများ လက်ဆောင် ပေးသောနေ့ကို White Day( ホワイトデー )  ဟူ ခေါ်ကြသည်။ တနည်း အားဖြင့် marshmallow day ( マシュマロデー) ဟူလည်း ခေါ်ဆိုကြသည်။

မိမိချစ်သူကိုသာပေးသော လက်ဆောင်ကို (本命チョコ)Honmeichoko “ ဟွန်းမဲချော့ကို” ဟုခေါ်ပါသည်။

  ကုမ္ပဏီအတွင်းမိမိအထက်အရာရှိနှင့် လုပ်ဖော်ကိုင်ဖက်အချင်းချင်း ချောကလက်ပေးရာတွင်တော့ ကျေးဇူးတင်သောစိတ်နှင့် တစ်ဦးနှင့်တစ်ဦးအပြန်အလှန် ကောင်းမွန်သော ဆက်ဆံရေးကို ရရှိစေလိုသောစိတ်ဆန္ဒဖြင့်မိန်းကလေးဖြစ်သူကပေးသောအရာကို (義理チョコ)Girichoko “ ဂီရိချော့ကို” ဟု ခေါ်ပါသည်။ သို့သော် Girichoko ကို လက်ခံရရှိပြီးပါက အဆိုပါလက်ဆောင်ပေး သူသို့ ပြန်လည်လက်ဆောင်ပေးရန်အတွက် တကူးတကဝယ်ယူပေးရမှုများအတွက် အချို့သော ကုမ္ပဏီများတွင် Girichoko ပေးခြင်းကို တားမြစ်ထားကြသည်များလည်းရှိပါသည်။ အဘယ်ကြောင့်ဆိုသော် ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် ချောကလက်လက်ဆောင်ရရှိခဲ့သူသည် မိမိအား လက်ဆောင်ပေးသောသူကို တဖန်ပြန်လည်လက်ဆောင်ပေးကြသော နေ့တစ်နေ့ရှိနေသောကြောင့်ဖြစ်ပါသည်။

 
နောက်တစ်မျိုးမှာ (友チョコ)Tomochoko ဖြစ်ပါသည်။ မိမိ၏သူငယ်ချင်းများကို  ဖြူစင်သောချစ်ခြင်းဖြင့် လက်ဆောင်ပေးသော ချောကလက်ဖြစ်ပါသည်။

ထို့အပြင် (自分チョコ) Jibunchoko ဟူ၍လည်းပဲရှိပါသေးသည်။ လှပဆန်းပြားသော အသွင်ဒီဇိုင်းအမျိုးမျိုးတို့ဖြင့် ဝယ်ချင်စဖွယ်၊ စားချင်စဖွယ် ပြသရောင်းချနေသော ချောကလက်များကို မိမိစိတ်ကြိုက်ရွေး၍ မိမ်ိကိုယ်တိုင်စားရန်ဝယ်ယူခြင်းကို ခေါ်ဆိုခြင်းဖြစ်ပါသည်။

ထိုသို့ဖြင့် Valentine’s Day နေ့မတိုင်မီ တစ်လခန့်အလိုကတည်းက ဂျပန်နိုင်ငံရှိ ကုန်တိုက်များ၊ စတိုးဆိုင်များတွင် ကြည့်လေရာရာ၊ မြင်လေရာရာ ချောကလက်အမျိုးမျိုးဖြင့် ဝယ်မဆုံးဖြစ်နေကြပါတော့သည်။

ထိုကဲ့သို့သော ချောကလက်ယဉ်ကျေးမှုနှင့် ဂျပန်နိုင်ငံ၏ ချောကလက်စီးပွားရေးစျေးကွက်မှာလည်း စိတ်ဝင်စားဖွယ်ကောင်းလှပါသည်။ ထိုအချိန်ကာလများတွင်  Valentine’s Day အတွက် ရည်ရွယ်၍ ပြည်တွင်းကုမ္ပဏီများတွင် ချောကလက်အားအသွင်အမျိုးမျိုးဖြင့် ဝယ်ချင့်စဖွယ်ထုတ်လုပ်ရောင်းချရုံသာမက ပြင်သစ်အစရှိသော နိုင်ငံခြားကုမ္ပဏီကြီးများကလည်း ဒီဇိုင်းအမျိုးမျိုးတို့ဖြင့် တင်သွင်းရောင်းချကြပါသည်။

ထိုချောကလက်များထဲတွင်မှ ဂျပန်နိုင်ငံတွင်သက်တမ်းအကြာဆုံးနှင့် လူကြိုက်အများဆုံး၊ အရောင်းရဆုံးထဲတွင် နံပါတ်ဝမ်းနေရာကိုသိမ်းပိုက်ထားသည့် ချောကလက်အမှတ်တံဆိပ်မှာ ၁၉၂၆ ခုနှစ်တွင် တည်ထောင်ခဲ့သည့် မေဂျီကုမ္ပဏီမှထုတ်လုပ်သည့်(明治)Meij Chocolate နှင့်၁၉၄၈ ခုနှစ်တွင်တည်ထောင်ခဲ့သည့် (ロッテ) Lotte တို့ ဖြစ်ကြပြီး ၂၀၁၆ ခုနှစ်တွင် မေဂျီ၏ ပထမနေရာကို သိမ်းပိုက်ယူသွားခဲ့ပါသည်။

ဂျပန်နိုင်ငံတွင် ချောကလက်ထုတ်လုပ်သည့် ကုမ္ပဏီပေါင်း ၁၀၀ ကျော်ခန့်ရှိပြီး ၄၄ ခုကျော်မှာ လူကြိုက်များသည့် အမှတ်တံဆိပ် များဖြစ်ကြသည်ဟု ဆိုပါသည်။

ရေးသားသူ – ကမာနီလာ